October 20, 2020

COVID-19 နှင့် မြန်မာတိုင်းရင်းဆေးလောကမှ ပညာရှင်နှစ်ဦး၏အမြင်များ”

COVID-19 နှင့် မြန်မာတိုင်းရင်းဆေးလောကမှ ပညာရှင်နှစ်ဦး၏အမြင်များ”

(မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊
ဂရိတ်ဝေါတိုင်းရင်းဆေးတိုက်ပိုင်ရှင် ဦးမောင်မောင်ဦး)

-အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ COVID-19 နဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုနေထိုင်၊ ပြုမူရမလဲဆရာ။

ပြည်သူတွေကို အသိပေးချင်တာကတော့ မိမိကိုယ်ကိုယ်မိမိ ဂရုစိုက်ဖို့၊ မဖြစ်ခင်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့က အဓိက အရေးကြီးပါတယ်။ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာလည်း အမြဲကြေညာနေပါတယ်။ အဲဒါတွေကို လိုက်နာဖို့ သိပ်အရေးကြီးပါတယ်။ နောက် တခုက ပြည်သူတွေအနေနဲ့လည်း မိမိအိမ်မှာနေရင် ကိုယ်ခံအားကောင်း အောင်နေထိုင်ရမယ်။ တိုင်းရင်းဆေးနည်း အရပြောရမယ်ဆိုရင် ကိုယ်ခံ စွမ်းအားတွေမြင့်နေမယ်ဆိုရင် ဖြစ်လာရင်တော်တော်ခံနိုင်ရည်ရှိတဲ့ အတွက် ဒါက အကျိုးရှိတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

  • ပြည်သူလူထုအနေနဲ့ ရောဂါကြိုတင်ကာကွယ်ဖို့ ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ။

ပြည်သူလူထုအနေနဲ့ ကိုယ်ခံစွမ်းအားမြင့်ဖို့၊ ကျန်းမာနေဖို့ အဓိက အရေးကြီးတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် အားရှိတဲ့အစားအစာတွေ၊ သန့်ရှင်းတဲ့အစားအစာတွေကို ကောင်းကောင်းစားရမယ်။ ပြီးရင် အိပ်ရေးဝဝ အိပ်ရမယ်။ နောက်တခုက အိမ်တွေမှာနေတဲ့အခါမှာလည်း ကျွန်တော်တို့ တိုင်းရင်းဆေးနည်းအရဆိုရင် ချင်းနဲ့ထန်းလျက် ပြုတ်သောက်ပါ။ ချင်း၊ ထန်းလျက်ပြုတ်သောက်တာ မမှားပါဘူး။ ယေဘုယျကျန်းမာရေးကို အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ဒီထက်ပိုပြီးတတ်နိုင်ရင် ချင်း၊ ထန်းလျက်၊ ဆေးခါးကြီးလို့ခေါ်တဲ့ ဆေးခါးကြီးအရွက်၊ နွယ်ချိုတွေကို ရောပြီးတော့ ပြုတ်သောက်ရင်သော်လည်းကောင်း၊ အမှုန့်ကြိတ်ပြီးတော့ တရက်ကို တဇွန်းသောက်ရင် ကိုယ်ခံစွမ်းအားမြင့်ဖို့အတွက် အများကြီးထိရောက်တဲ့ဆေး ဖြစ်ပါတယ်။ ဒီအမယ်တွေက လူကိုလည်း ဒုက္ခမပေးပါဘူး။

  • ချင်း၊ ထန်းလျက်တွေရဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး တိုင်းရင်းဆေးအမြင်ကို ပြောပြပေးပါ။

ကျွန်တော်တို့ရဲ့ တိုင်းရင်းဆေးအရဆိုရင် အာကာသရတယ်။ ဝမ်းမီးတောက်တယ်။ အခိုးပွင့်တယ်။ အဲဒီအချက်တွေက လူရဲ့ကိုယ်ခန္ဓာမှာ ကိုယ်ခံစွမ်းအားမြင့်တက်လာတဲ့ အထောက်အကူပြုအမယ်တွေပဲ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ COVID-19 က အနောက်တိုင်းဆေးအရဆိုရင် ဗိုင်းရပ်စ်ကနေ ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ခုနက ကျွန်တော် ပြောခဲ့တဲ့ ချင်း၊ နွယ်ချို၊ ဆေးခါးကြီး၊ ထန်းလျက်တွေဟာ လူခန္ဓာကိုယ်တွင်းက ကိုယ်ခံစွမ်းအားကို တိုးတက်လာစေတယ်။ ဒီဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ဖျက်တဲ့ ခန္ဓာကိုယ်တွင်းအားကို တိုးမြှင့်စေပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် အမှားမရှိနိုင်ပါဘူး။ အကျိုးများပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။

  • COVID-19 နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စစ်ဆေးတာကို လက်မခံတာ၊ ရန်ပြုတိုက်ခိုက်တဲ့ဖြစ်စဉ်တွေ မကြာခဏတွေ့နေရပါတယ်။ ဒီအပေါ်မှာ ဆရာ့အမြင်ကို ပြောပြပေးပါ။

တချို့က စစ်ဆေးတဲ့အခါမှာလည်း စစ်ဆေးမခံဘူး။ ရန်ပြုတာ၊ မိုက်ရိုင်းတာတွေ တွေ့တယ်။ လာစစ်တဲ့သူတွေက ရှင်းရှင်းပြောရရင် သူတို့ကိုယ်တိုင်လည်း ရောဂါပိုးနဲ့ထိတွေ့နိုင်တယ်။ အန္တရာယ်ရှိတာကို သိသိနဲ့ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ဆောင်ရွက်ပေးမှုတွေကို ကြည်ကြည်ဖြူဖြူ လိုလိုလားလားလိုက်နာပေးရမယ်။ မလိုက်နာဘူးဆိုရင်တော့ ကျွန်တော်အမြင်အရပြောရရင် သက်ဆိုင်ရာက ဒီလိုပုဂ္ဂိုလ်မျိုးကို ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်။ သူတို့လွတ်သွားလို့မရဘူး။ နိုင်ငံခြားက ပြန်လာတယ်။ ကျန်းမာရေးဝန်ထမ်းတွေက သွားပညာပေးတဲ့အခါ ကက်ကက်လန် ပြန်ပြောကြတာတွေကို ကြားရ၊ မြင်ရတာ ရှိတယ်။ သူတို့က အသိပညာအရ နည်းတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့အသိပညာနည်းတယ်ဆိုပြီး ခွင့်လွှတ်ပေးလို့မရဘူး။ သူတို့ဆီကနေ အများကြီးကူးစက်နိုင်ပါတယ်။ လူတယောက်ထဲကနေပြီး လူတထောင်ထိ ပျံ့နှံ့ဖို့မခက်ခဲပါဘူး။ အခုနိုင်ငံခြားပြန်တွေ သောင်းချီပြန်ဝင်လာတယ်။ ဒီထဲမှာ ဘယ်နှဦးပါလာတယ်ဆိုတာ ကျွန်တော်တို့မသိနိုင်သေးဘူး။ တယောက်ထဲကနေ ထောင်ချီ၊ သောင်းချီပြီး ကူးသွားနိုင်တယ်ဆိုရင် ဒါကိုကာကွယ်ထိန်းချုပ်ဖို့ အစိုးရက စစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာ ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံပေးပါ။ ဒါကတိုင်းပြည်မှာရှိတဲ့ ပြည်သူ လူထုအကျိုး၊ မိမိမိသားစုအကျိုးပါပါတဲ့အတွက် ဒီစစ်ဆေးမှုကိုတော့ ကြည်ကြည်ဖြူဖြူလက်ခံရမယ်လို့ တိုက်တွန်းချင်ပါတယ်။ အခု COVID-19 ကို အပြင်းအထန်တိုက်ခိုက်နေတာ ဆရာဝန်တွေပါ။ ဆရာဝန်တွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ကျန်းမာရေးလုပ်သားတွေ အများကြီးက သူတို့အသက်ကို ဂရုမစိုက်ဘဲ တိုင်းပြည်အတွက် ကာ ကွယ်နေတာ။ သူတို့အသက်ကို ရင်းထားရတာ။ သူတို့ကို ကျွန်တော့် အနေနဲ့ အလွန်ကျေးဇူးတင်တယ်။ အသိအမှတ်ပြုတယ်။ နောက် ဆုံးသန့်ရှင်းရေးဝန်ထမ်းတွေကအစ မညည်းမညူ ဆောင်ရွက်နေတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း သူတို့စစ်ဆေးဆောင်ရွက်တာကို တာဝန်သိသိ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပေးပါ။

(မြန်မာ့တိုင်းရင်းဆေးနှင့်ဆက်နွှယ်သော သိပ္ပံသုတေသီ ဦးဝင်းမြင့်)

  • COVID-19 ရောဂါလက္ခဏာတွေကို သက်သာအောင် ဘယ်လို ဆောင်ရွက်နိုင်ပါသလဲခင်ဗျ။

အဲဒါကတော့ ကျွန်တော်က တိုင်းရင်းဆေးဆရာလည်း မဟုတ်ဘူး၊ ဆရာဝန်လည်းမဟုတ်တော့ မသိဘူး။ ဒါပေမဲ့ တြိဖလသုံးပါးဆိုတဲ့ ဆေးရှိတယ်။ အဲဒါကတော့ ဆီးဖြူသီး၊ ဖန်ခါးသီး၊ သစ်စိမ့်သီး။ အဲဒါက သိပ္ပံရှုထောင့်က ဗီတာမင် C တွေနဲ့ တခြားအက်စစ် အပျော့စားလေးတွေနဲ့သူကတော့ ကိုယ်ခံအားကို မြှင့်တင်ဖို့အတွက် သုတေသနတွေလုပ်ထားတာလည်း အများကြီးရှိတယ်။ တိုင်းရင်းဆေးနည်းကလည်း သူ့ကို ရသာယနလို့ ပြောထားတာ။ တြိဖလသုံးပါးဆေးကတော့ အထောက်အကူအများကြီးပြုလိမ့်မယ်လို့ ကျွန်တော်က ယူဆတယ်။ အဲဒါကတော့ တိုင်းရင်းဆေးစာအုပ်တွေမှာလည်း အစဉ်အလာကြီးမားတယ်။ တြိကဋုတ် သုံးပါးဆိုတာလည်းရှိတယ်။ အဲဒါကတော့ နည်းနည်းလေးလိုမှာပေါ့။ သူကတော့ ချင်း(ဂျင်း)တို့၊ ငရုတ်ကောင်းတို့၊ ပိတ်ချင်းတို့။ သုံးမျိုးစီ သုံးမျိုးစီကို ဆေးတမျိုးအနေနဲ့ သတ်မှတ်ထားတာ။ တြိဖလသုံးပါးက တော့ အထောက်အကူအများကြီးပြုလိမ့်မယ်။

-တချို့ လူမှုကွန်ရက်မှာ တမာရွက်ပြုတ်သောက်ဆိုတာမျိုး ပြောနေကြတာရှိတယ်။ တမာရွက်တို့၊ တမာအရိုးတို့ရဲ့ အာနိသင်ကရော ဘယ်လိုမျိုးတွေရှိလဲ။ တကယ်အထောက်အပံ့ဖြစ်ပါသလား။

အထောက်အပံ့တော့ဖြစ်နိုင်တယ်။ တမာရွက်ကလည်း တော်တော်အစဉ်အလာကြီးမားတာကိုး။ သူ့မှာ ဖလေဗိုနွိုဒ် (Flavonoid)တွေလည်း ပါတယ်။ Antiseptic ပေါ့နော်။ အဲဒါမျိုး အာနိသင်လည်း ရှိတယ်။ အရိုးတော့ မဟုတ်ဘူးဗျ။ အရွက်ကို သုတေသနလုပ်ထားတာ များတယ်။ အရိုးကတော့ သွားတွေတိုက်ကြတာပေါ့။ အရွက်ကို ဒီအတိုင်းပြုတ်သောက်ရပါတယ်။ အစိမ်းလည်း စားလို့ရတယ်။ တချို့ဗမာဆေးတွေမှာ တမာရွက်နဲ့ဖော်တဲ့ဆေးတွေရှိတယ်။

-ဒီ COVID-19 နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ညွှန်ကြားထားတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက ကျေးလက်ဒေသတွေက အများကြီးဆိုတော့ အဲဒီလို လက်လှမ်းမမီတဲ့ တောကြို အုံကြားမှာဖြစ်လာပြီဆိုလို့ရှိရင် သူတို့အတွက် အနီးစပ်ဆုံး ဘာလေးတွေနဲ့ အထောက်အကူပြုနိုင်မလဲ။

အခုဟာက ကုဆေးအနေနဲ့လည်း မရှိဘူးပေါ့။ ဒီ Virus က ကိုယ်ခံအားကိုပဲမြှင့်ဖို့ပဲ။ နောက်တလောကလုံးရော၊ တကမ္ဘာလုံးလည်း ဒီလိုပဲ။ ကိုယ်ခံအားမြှင့်တဲ့ဆေးထဲမှာတော့ တိုင်းရင်းဆေးကတော့ ဆီးဖြူသီး၊ ဖန်ခါးသီးကတော့ အကောင်းဆုံးပဲ။ အခွင့်အရေးရှိရင် စားနိုင်ရင်စားကြ၊ မစားနိုင်ရင် တြိဖလသုံးပါးဆေး ဆေးဆရာကြီးတွေဆီမှာ ရှိသလားမသိဘူး။

  • ဆီးဖြူသီး၊ ဖန်ခါးသီး၊ သစ်စိမ့်သီးရရင်ရော ဘယ်လိုစားရမလဲ။

သူကတော့ ဆတူရောပြီးတော့ အမှုန့်ကြိတ်တာ။ တကြိမ်ကိုအမှုန့် ၂ ပဲသား တနေ့သုံးကြိမ်စားလို့ရတယ်။

  • တြိဖလက ၃ ခုပေါင်းမှ အစွမ်းထက်တာလား။ တခုချင်းစီကရော အစွမ်းရှိလားဆရာ။

သုတေသနမှာတော့ အသီးတခုချင်းစီလုပ်ထားတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ကျောင်းသားတွေကို Antioxidant Activity ကို သေချာစမ်းပြီးသား။ တိုင်းရင်းဆေးအစဉ်အလာအရ တြိဖလသုံးပါးဆိုတာ သူတို့အလဟဿ သတ်မှတ်ထားတာ မဟုတ်ဘူးလေ။ အစဉ်အလာကြီးတယ်။ သူတို့မှာ အပါးတွဲဆေးတွေပေါ့။ တချို့ဟာတွေ က ၃ ခု စပ်သောက်။ ၅ ပါး တွဲဆေး။ ၃ ပါးတွဲဆေး။ တြိဖလအနေနဲ့ စားရင်တော့ အကောင်းဆုံးပဲ။ ဆီးဖြူသီး၊ ဖန်ခါးသီး တခုချင်းစီလည်း ကောင်းတယ်။ အန္တရာယ်လည်း မရှိဘူး။

  • COVID-19 သံသယဖြစ်စရာလေးတွေပြလာပြီ။ ဆေးရုံဆေးခန်းကလည်း မနီးဘူးဆိုရင် ကိုယ့်အိမ်မှာပဲ ဘယ်လိုနည်းနဲ့ ဘာလေး တွေလုပ်သင့်လဲ ပြောပြပေးပါဆရာ။

ရောဂါလက္ခဏာဖြစ်လာရင်တော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်းပဲ ကောင်းတယ်။ အဲဒါမျိုးကျတော့ ကျိတ်ပြီးတော့မလုပ်နဲ့။ အခု ကျွန်တော်ပြောတာတွေက ကာကွယ်နိုင်ဖို့အတွက် ကိုယ့်ဘက်က ဖြည့်ဆည်းနိုင်တာကိုပဲ ဖြည့်ဆည်းရမှာ။ ဒီ Virus က ကိုယ်ခံအားကောင်းရင် တွန်းလှန်နိုင်တဲ့သဘောပဲ။ အခုလည်း ပညာတွေပေးနေတာ အများကြီးပဲ။

ဝီရ၊ TCM

Facebook Comments