November 25, 2020

အီကွေဒေါနိုင်ငံ ဂွာယာကီးလ်မြို့တွင် ရဲတပ်ဖွဲ့က အလောင်းများကို နေအိမ်များမှလိုက်လံကောက်ယူပေးနေရ

အီကွေဒေါနိုင်ငံ ဂွာယာကီးလ်မြို့တွင် ရဲတပ်ဖွဲ့က အလောင်းများကို နေအိမ်များမှလိုက်လံကောက်ယူပေးနေရ

အီကွေဒေါနိုင်ငံတွင် COVID-19 ကူးစက်ပြန့်ပွားမှု အဆိုးရွားဆုံးဖြစ်ပွားသည့် ဂွာယာကီးလ်ဆိပ်ကမ်းမြို့ (Guayaquil) တွင် ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း ရဲတပ်ဖွဲ့က နေအိမ်များမှလိုက်လံကောက်ယူပေးခဲ့သည့်အလောင်း စုစုပေါင်း ၈၀၀ နီးပါးခန့်ရှိပြီဖြစ်သည်။

အဆိုပါမြို့ရှိ ရေခဲတိုက်လုပ်သားများမှာ အလုပ် မနိုင်မနင်းဖြစ်နေပြီး အလောင်းများကိုလမ်းပေါ်တွင်စွန့်ပစ်ထားသည့် ဗီဒီယိုဖိုင်များမှာလည်း လူမှုကွန်ရက်စာမျက်နှာများပ်ါတွင် ပျံ့နှံ့နေသည်။

COVID-19 ကြောင့်ဖြစ်ပေါ်လာသော ကစင့်ကလျားအခြေအနေကို ထိန်းသိမ်းရန်အတွက် အစိုးရက ရဲနှင့်စစ်တပ်မှတာဝန်ရှိသူများပါဝင်ပြီး အထူးအဖွဲ့တခုကို ဖွဲ့စည်းထားသည်။

အဆိုပါအဖွဲ့၏အကြီးအကဲဖြစ်သူ Jorge Wated က ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်အတွင်း နေအိမ်များမှကောက်ယူရရှိထားသည့်အလောင်း ၇၇၁ လောင်းရှိကြောင်း ဧျပီ ၁၂ ရက်တွင် ပြောသည်။ ထို့ပြင် ဆေးရုံများတွင်သေဆုံးသူ ၆၃၁ ဦးရှိသည်။

မည်သည့်ရောဂါဖြင့်သေဆုံးသည်ဆိုခြင်းကို Jorge Wated က ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အလောင်း ၆၀၀ ခန့်ကို မြေမြှပ်သင်္ဂြိုလ်ပြီးဖြစ်သည်ဟုဆိုသည်။

အီကွေဒေါနိုင်ငံတွင် COVID-19 ကူးစက်ခံရမှုကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇၅၀၀ ခန့်ရှိပြီဖြစ်ကာ ကူးစက်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ ကွာယာကီးလ်မြို့မှဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။

AFP

Facebook Comments