October 20, 2020

ကရင်ပြည်နယ်တွင် Cloth Mask Campaign အစီအစဉ်ဖြင့် အဝတ်နှာခေါင်းစည်း ငါးသောင်းကျော် အခမဲ့ဖြန့်ဝေမည်

ကရင်ပြည်နယ်တွင် Cloth Mask Campaign အစီအစဉ်ဖြင့် အဝတ်နှာခေါင်းစည်း ငါးသောင်းကျော် အခမဲ့ဖြန့်ဝေမည်

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနှစ်မြို့နယ်တွင် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် ဦးဆောင်သော လူငယ် Volunteer အဖွဲ့များက အဝတ်နှာခေါင်းစည်းပေါင်း ငါးသောင်းကျော်ကို အခမဲ့ ဖြန့်ဝေပေးသွားမည့် Cloth Mask Campaign အစီအစဉ်ကို မေလ ၆ ရက်နေ့က ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ယာယီပျံကျဈေးတွင် စတင်ဆောင်ရွက်သည်။

ကရင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အဝတ်နှာခေါင်းစည်း(Mask)ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တပ်ဆင်အသုံးပြုကြစေရန်နှင့် ကပ်ရောဂါဘေးမှ ကင်းဝေးကြစေရန် ရည်ရွယ်၍ အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေအသိပညာပေးခြင်းဖြစ်ပြီး နေ့စဉ်ပြင်ပထွက် အလုပ်လုပ်ကိုင်နေသူများအတွက် တခါသုံးနှာခေါင်းစည်းများကို အသုံးပြုခြင်းထက် ပြန်လည်လျှော်ဖွတ်အသုံးပြု၍ရသော အဝတ်နှာခေါင်းစည်းများကို အသုံးပြုခြင်းက ကုန်ကျစရိတ်ကို သက်သာစေသည့်အပြင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံဖြစ်ပွားမှုမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်ဦးဆောင်သော လူငယ် Volunteer အဖွဲ့များသည် အဝတ်ဖြင့်ချုပ်လုပ်ထားသော နှာခေါင်းစည်းပေါင်း ၁၅၀၀ ကို ယာယီပျံကျဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အဝတ်နှာခေါင်းစည်းတပ်ဆင်ခြင်း၏ အားသာချက်များ၊ စနစ်တကျတပ်ဆင် အသုံးပြုပုံများကို အသိပညာပေးပြောကြားခဲ့သည်။

နှာခေါင်းစည်းတပ်ဆင်ခြင်းအလေ့အထကို ရင်းနှီးမှုရရှိလာအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ယခုကဲ့သို့ အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေအသိပညာပေးခြင်းအစီအစဉ်ကို ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အဝတ်နှာခေါင်းစည်း ငါးသောင်းကျော်ကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း

Facebook Comments